- ဒီမှာရှယ်လီ
တနေ့မှမေ့မရ
ညများစွာထဲ ခြိမ်းခြောက်
လမ်းဖြောင့်တွေ ကောက်နေဆဲ
မနက်တိုင်း မနက်တိုင်း
ရိုင်းတတ်တဲ့ ညာဉ်
လှိုင်းခတ်ဆဲရင်
ဒါတွေကို ယဉ်စေဖို့ မင်းဟာအသက်ပဲ
- လေးဖြူရဲ့ စာမျက်နှာ ဆယ့်ငါးမှာ
အတိတ်တွေက မှုန်ဝါးသွားခဲ့ပေမယ့်
ကိုယ့်ရင်ထဲမှာ အရင်ကလိုပဲ ရှယ်လီ
အပြစ်ကင်းစင်တဲ့ စက်ရုပ်တရုပ်တော့
မဟုတ်ခဲ့ပေဘူးပေါ့ ညီမလေး....
ဆုံဆည်းခြင်းဟာ ကွဲကွာဖို့အတွက် မဟုတ်ဘူး ထင်ခဲ့မိတာ
ကိုယ်မှားခဲ့တာပါနော်
ဒါပေမယ့် တို့တွေဟာ
လားရာမတူတဲ့ မျဉ်းပြိုင်နှစ်ကြောင်း ဖြစ်နေမှန်း
မသိခဲ့ရိုး အမှန်ပါ။
- နေ့ဆိုနေ့နေ့ ညဆိုပြန်တွေ့ မေ့မရနိုင်ခဲ့ပါဘူးမိရှယ်လီ
အချိန်အခါဆိုတာ ချစ်ခြင်းနဲ့ရေတွက်မရနိုင်တဲ့ အရာပါ
မထင်မှတ်တဲ့ နေရာမှာ မထင်မှတ်တဲ့ အနေအထား..
ငါ..မှားလားမှန်လား တွေးမကြည့်ပါရစေနဲ့တော့ ရှယ်လီရယ်..
- ၁၇ နှစ်ကြာ ကွဲကွာခဲ့ကြပေမယ့်
ယခုမှ အနမ်းခြေရာ ထားရစ်ခွင့်ရခဲ့တဲ့
မင်းပါးပြင်ပေါ်မှာ
ယခင်ကလိုပဲ စံပါယ်တင်မှဲ့လေး ရှိနေဆဲပါ ချစ်သူ။
- ရှယ်လီက မလှဘူး ကိုရဲ့ ဆိုတဲ့
စကားကို ကိုယ်ထပ်ပြီး ကြားချင်မိတယ် ရှယ်လီ
East Coast ကမ်းခြေဟာ အင်းလျားလောက်
အလွမ်းရသတွေ မပေးနိုင်ပေမယ့်
ရုံးပိတ်ရက်တွေမှာ
ထိုင်နေကျ ခုံလေးမှာ သွားထိုင်ဖြစ်ခဲ့တယ် ရှယ်လီ။
- ၁၉၉၄ သင်္ကြန်မှာ ကိုယ်မင်းကို ထားခဲ့လို့
၂၀၁၁ သင်္ကြန်မှာ မင်းကိုယ့်ကို ပြန်ပြီးထားခဲ့တာလား
ကိုယ့်ညီလေး ပြောသလိုပါပဲ
သူများတချို့ရဲ့ မျက်ရည်ကို ဗီတာမင်အဖြစ်
သောက်သုံးခဲ့မိလို့ ပြန်ပြီးပေးဆပ်လိုက်ရတာပေါ့
သမုဒယ အမြင်နဲ့ မြင်ခဲ့မိလေတော့
ကိုယ့်ဆီကို မင်းတကယ်ပြန်လာပြီလို့ပဲ
ထင်ခဲ့မိတာ မဟာအမှားပါ
- ကိုယ် Theory of Machine ကို
နားလည်ခဲ့ပေမယ့် Theory of Love ကို
နားမလည်ခဲ့သူပါ
နောက်ဆုံးစာလုံးခြင်း တူပေမယ့်
ဝေးပါတယ်ရှယ်လီ
- ကြီးမေပြောတဲ့ မတူရင်ပေါင်းလို့ မရဘူးဆိုတာကို
လက်ခံဖို့ ခက်ခဲခဲ့သူ တယောက်ပါ
ရရာကားကို ဖြစ်သလိုစီးရင်း
ကျောင်းပိတ်ရက် စနေ၊တနင်္ဂနွေဆို
ဝတ္တရားမပျက်ခဲ့တာ မင်းအသိပါနော်
ဧရာဝတီမြစ်ကြီး ခြားနေခဲ့ပေမယ့်
မင်းဆီကို စာရေးဖို့ မပျက်ကွက်ခဲ့သူပါ
မင်းဆီက စာလာလေမလားလို့
ကျောင်းသားရေးရာကို ခဏခဏ
ရောက်ခဲ့တာလည်း ကိုယ်ပါပဲ။
ကိုယ့်ကို အပြစ်ဒဏ်အကြီးကြီးပေးလိုက်တာလား ရှယ်လီ
အနည်းဆုံး ဖုံးလေးတော့ ကိုင်သင့်ပါတယ်
မင်းပြောလိုက်သလို
လွယ်လွယ်နဲ့ မုန်းလိုက်မေ့လိုက်လို့ မရဘူး ရှယ်လီ
အနောက်က နေထွက်ချင် ထွက်သွားမယ်
လစန္ဒာက မြေပေါ် ဆင်းချင် ဆင်းလာလိမ့်ဦးမယ်
ကိုယ်ကတော့ မင်းကို
မမေ့နိုင်ဘူး ရှယ်လီ
ကျောခြင်းကပ်ပြီး ခွဲခွာသွားခဲ့သူနှစ်ယောက်ဟာ
ပြန်လည်ဆုံတွေ့ နိုင်သတဲ့လေ
ကိုယ်တို့လည်း
လားရာမတူတဲ့ မျဉ်းနှစ်ကြောင်း ဖြစ်နေသည့်တိုင်
တနေ့နေ့တော့ ဆုံနိုင်ဦးမှာပါ
ဘုန်းမြတ်ကျော်
၁၂၊ ၄၊ ၂၀၁၁