Saturday, April 16, 2011

အချစ်ဦး ရှယ်လီနှင့် စာမျက်နှာတဆယ့်ငါး

  • ဒီမှာရှယ်လီ
    တနေ့မှမေ့မရ
    ညများစွာထဲ ခြိမ်းခြောက်
    လမ်းဖြောင့်တွေ ကောက်နေဆဲ
    မနက်တိုင်း မနက်တိုင်း
    ရိုင်းတတ်တဲ့ ညာဉ်
    လှိုင်းခတ်ဆဲရင်
    ဒါတွေကို ယဉ်စေဖို့ မင်းဟာအသက်ပဲ

  • လေးဖြူရဲ့ စာမျက်နှာ ဆယ့်ငါးမှာ
အတိတ်တွေက မှုန်ဝါးသွားခဲ့ပေမယ့်
ကိုယ့်ရင်ထဲမှာ အရင်ကလိုပဲ ရှယ်လီ
  • တကယ်တော့ ရှယ်လီရေ
ချစ်ခြင်းဆိုသည်က
အပြစ်ကင်းစင်တဲ့ စက်ရုပ်တရုပ်တော့
မဟုတ်ခဲ့ပေဘူးပေါ့ ညီမလေး....

  • ဒီမှာရှယ်လီ
ဆုံဆည်းခြင်းဟာ ကွဲကွာဖို့အတွက် မဟုတ်ဘူး ထင်ခဲ့မိတာ
ကိုယ်မှားခဲ့တာပါနော်
ဒါပေမယ့် တို့တွေဟာ
လားရာမတူတဲ့ မျဉ်းပြိုင်နှစ်ကြောင်း ဖြစ်နေမှန်း
မသိခဲ့ရိုး အမှန်ပါ။

  • နေ့ဆိုနေ့နေ့ ညဆိုပြန်တွေ့ မေ့မရနိုင်ခဲ့ပါဘူးမိရှယ်လီ
အချိန်အခါဆိုတာ ချစ်ခြင်းနဲ့ရေတွက်မရနိုင်တဲ့ အရာပါ
မထင်မှတ်တဲ့ နေရာမှာ မထင်မှတ်တဲ့ အနေအထား..
ငါ..မှားလားမှန်လား တွေးမကြည့်ပါရစေနဲ့တော့ ရှယ်လီရယ်..

  • ၁၇ နှစ်ကြာ ကွဲကွာခဲ့ကြပေမယ့်
ယခုမှ အနမ်းခြေရာ ထားရစ်ခွင့်ရခဲ့တဲ့
မင်းပါးပြင်ပေါ်မှာ
ယခင်ကလိုပဲ စံပါယ်တင်မှဲ့လေး ရှိနေဆဲပါ ချစ်သူ။

  • ရှယ်လီက မလှဘူး ကိုရဲ့ ဆိုတဲ့
စကားကို ကိုယ်ထပ်ပြီး ကြားချင်မိတယ် ရှယ်လီ
East Coast ကမ်းခြေဟာ အင်းလျားလောက်
အလွမ်းရသတွေ မပေးနိုင်ပေမယ့်
ရုံးပိတ်ရက်တွေမှာ
ထိုင်နေကျ ခုံလေးမှာ သွားထိုင်ဖြစ်ခဲ့တယ် ရှယ်လီ။


  • ၁၉၉၄ သင်္ကြန်မှာ ကိုယ်မင်းကို ထားခဲ့လို့
၂၀၁၁ သင်္ကြန်မှာ မင်းကိုယ့်ကို ပြန်ပြီးထားခဲ့တာလား
ကိုယ့်ညီလေး ပြောသလိုပါပဲ
သူများတချို့ရဲ့ မျက်ရည်ကို ဗီတာမင်အဖြစ်
သောက်သုံးခဲ့မိလို့ ပြန်ပြီးပေးဆပ်လိုက်ရတာပေါ့



  • ဥပေက္ခာအမြင်နဲ့ မမြင်ပဲ
သမုဒယ အမြင်နဲ့ မြင်ခဲ့မိလေတော့
ကိုယ့်ဆီကို မင်းတကယ်ပြန်လာပြီလို့ပဲ
ထင်ခဲ့မိတာ မဟာအမှားပါ

  • ကိုယ် Theory of Machine ကို
နားလည်ခဲ့ပေမယ့် Theory of Love ကို
နားမလည်ခဲ့သူပါ

  • လသာနဲ့ ရွှေပြည်သာဟာ
နောက်ဆုံးစာလုံးခြင်း တူပေမယ့်
ဝေးပါတယ်ရှယ်လီ

  • ကြီးမေပြောတဲ့ မတူရင်ပေါင်းလို့ မရဘူးဆိုတာကို
လက်ခံဖို့ ခက်ခဲခဲ့သူ တယောက်ပါ
ရရာကားကို ဖြစ်သလိုစီးရင်း
ကျောင်းပိတ်ရက် စနေ၊တနင်္ဂနွေဆို
ဝတ္တရားမပျက်ခဲ့တာ မင်းအသိပါနော်

  • ရန်ကုန်နဲ့ ဟင်္သာတ
ဧရာဝတီမြစ်ကြီး ခြားနေခဲ့ပေမယ့်
မင်းဆီကို စာရေးဖို့ မပျက်ကွက်ခဲ့သူပါ
မင်းဆီက စာလာလေမလားလို့
ကျောင်းသားရေးရာကို ခဏခဏ
ရောက်ခဲ့တာလည်း ကိုယ်ပါပဲ။

  • မင်းကို လိုက်မရှာမိလို့
ကိုယ့်ကို အပြစ်ဒဏ်အကြီးကြီးပေးလိုက်တာလား ရှယ်လီ
အနည်းဆုံး ဖုံးလေးတော့ ကိုင်သင့်ပါတယ်
မင်းပြောလိုက်သလို
လွယ်လွယ်နဲ့ မုန်းလိုက်မေ့လိုက်လို့ မရဘူး ရှယ်လီ

အနောက်က နေထွက်ချင် ထွက်သွားမယ်
လစန္ဒာက မြေပေါ် ဆင်းချင် ဆင်းလာလိမ့်ဦးမယ်
ကိုယ်ကတော့ မင်းကို
မမေ့နိုင်ဘူး ရှယ်လီ

  • စက်ဝိုင်းပတ် သီအိုရီအရ
ကျောခြင်းကပ်ပြီး ခွဲခွာသွားခဲ့သူနှစ်ယောက်ဟာ
ပြန်လည်ဆုံတွေ့ နိုင်သတဲ့လေ
ကိုယ်တို့လည်း
လားရာမတူတဲ့ မျဉ်းနှစ်ကြောင်း ဖြစ်နေသည့်တိုင်
တနေ့နေ့တော့ ဆုံနိုင်ဦးမှာပါ



ဘုန်းမြတ်ကျော်
၁၂၊ ၄၊ ၂၀၁၁

2 comments:

ချစ်ကြည်အေး said...

ကဗျာ လာဖတ်သွားတယ် ကိုဘုန်းမြတ်ကျော်...ဆက်လက် ချီတက်ပါ လာရောက် ဖတ်ရှု အားပေးမည် ဖြစ်ပါကြောင်း...

ခင်တဲ့
မချစ်

phonemyatkyaw said...

Thank

Ma Chit Kyi

Happt Full Moon Day